Wednesday, August 28, 2013

အရောင်၏ အဓိပ္ပါယ်များ - အခြေခံအရောင်



အရောင်နှင့်ပက်သက်၍ လေ့လာချင်သော သူငယ်ချင်းများအတွက်


အခြေခံအရောင် ရောင်ကို အရင်မိတ်ဆတ်ပါရစေ။


 











အနီရောင် - မူလအရောင် (သို့မဟုတ်) အပူအရောင်
    
  အနီရောင်သည် အလွန်ပူလောင်သည့်သဘောဆောင်သည်။ မီးလျှံမီးတောက်များ၊ အကြမ်းဖက်မှုများ၊ ခေါင်းဆောင်မှု၊ ဝမ်းနည်းကြေကွဲမှု၊ စစ်ပွဲများကို ဖော်ပြရာတွင် အနီရောင်ကို အသုံးပြုနိုင်သည်။ ထို့အပြင် အချစ်၊ အမုန်းနှင့် စိတ်အားထက်သန် ပြင်းပြမှုကို ဖော်ပြရာတွင်လည်း အနီရောင်ဖြင့် ဖော်ပြလေ့ရှိသည်။ အနီရောင်သည် လူသားများအတွက် ရုပ်ပိုင်းဆိုင်ရာအရ (သွေးဖိအား မြင့်စေခြင်း၊ အသက်ရှူမြန်ခြင်း စသည့်) အကျိုးသက်ရောက်မှုများ ဖြစ်စေသည်။ ထိုကြောင့် ပူလောင်သောရာသီဥတုမျိုးတွင် အနီရောင် အသုံးဆောင်ပစ္စည်းများသည် လူများအား စိတ်တို၊ ဒေါသဖြစ်လွယ်စေသည်။ ဆာလောင်မှုကိုလည်းပို၍ ဖြစ်စေသောကြောင့် စားသောက်ဆိုင်စားပွဲများကို အနီရောင်အသုံးများကြသည်။
အနီရောင်ကို ခမ်းနားကြီးကျယ်သည့်ပွဲလမ်းများ ကျင်းပသည့်အခါ အရေးကြီးသည့်အနက်အဓိပ္ပါယ်ဖြင့်  အသုံးပြုသည်။ ထို့အပြင် အန္တရယ်ရှိသည့် သင်္ကေတများကိုလည်း အနီရောင်ဖြင့်သာ ဖော်ပြလေ့ရှိသည်။
          ဒီဇိုင်းများတွင် အနီရောင်သုံးခြင်းဖြင့် အင်အားရှိသည့်သဘော ဖြစ်စေသည်။ အထူးသဖြင့် အနီရောင်စစ်ကို သုံးသည့်အခါတွင်ဖြစ်သည်။ ဒီဇိုင်းတစ်ခုတွင် အင်အားရှိသည့်သဘော၊ လှုံ့ဆော်လိုသည့် သဘောမျိုး ပြလိုသည့်အခါ အနီရောင်သည် အကောင်းဆုံးအရောင် ဖြစ်သည်။ ဒီဇိုင်းများအတွက် အနီရောင် အမျိုးမျိုးကို ရွေးချယ် အသုံးပြုနိုင်သည်။ တောက်ပသည့် အနီရောင်ကို အင်အားရှိသည့် ဒီဇိုင်းများအတွက် အသုံးပြုပြီး အနီရောင်ရင့်များကိုမူ ဩဇာရှိသော၊ ခန့်ညားသော ဒီဇိုင်းများအတွက် သုံးနိုင်သည်။

အ၀ါရောင်-မူလအရောင် (သို့မဟုတ်) အပူအရောင်
         
အ၀ါရောင်ကိုတောက်ပမှုနှင့် အင်အားရှိမှုအတွက်အသုံးပြုသည်။ အ၀ါရောင်သည် ပျော်ရွှင်မှုနှင့် 
နွေးထွေးမှုကိုလည်း ကိုယ်စားပြုသည်။ ထို့အပြင် လိမ်ညာမှု၊ သတ္တိနည်းမှုတို့ကို ပြဆိုလိုသည့်အခါ အ၀ါရောင်ဖြင့် ဖော်ပြသည်။
          အ၀ါရောင်သည် မျှော်လင့်ခြင်းကိုလည်း ကိုယ်စားပြုသည်။ အ၀ါရောင်သည် အန္တရာယ်ရှိသည့် သဘောဆောင်သော်လည်း အနီရောင်လောက် ပြင်းထန်မှုမရှိပါ။
      ဒီဇိုင်းတွင် အ၀ါရောင်သည် ပျော်ရွှင်မှုနှင့် ချစ်စရာကောင်းသည့် အဓိပ္ပါယ်မျိုး ဖြစ်စေသည်။ အ၀ါရောင် ဖျော့ဖျော့ကို ကလေးကိုယ်စား (ယောက်ျားလေးနှင့် မိန်းကလေးဟူ၍ မခွဲခြားဘဲ ယေဘုယျ ဖော်ပြသည့်အခါ) နှင့် လူငယ်များအတွက် ကိုယ်စားပြု ဖော်ပြသည်။ အ၀ါရောင်ဖျော့ဖျော့သည် အ၀ါရောင်ရင့်ထက် ပျော်ရွှင်မှုနှင့် စိတ်တည်ငြိမ်မှုကို ပိုမိုပေးစွမ်းနိုင်သည်။ အ၀ါရောင်ရင့်နှင့် ရွှေဝါရောင်တို့ကို ရှေးဆန်သည့်အနက်၊ လေးနက်တည်ငြိမ်မှု အနက်ဖြင့် ကိုယ်စားပြုသုံးစွဲလေ့ရှိသည်။

အပြာရောင် - မူလအရောင် (သို့မဟုတ်) အအေးအရောင်
         
    အင်္ဂလိပ်ဘာသာစကားတွင် အပြာရောင်သည် ၀မ်းနည်းသည့် သဘောကိုဆောင်သည်။ တည်ငြိမ်လေးနက်မှုနှင့်  တာဝန်ယူတတ်မှုကို ညွှန်းဆိုဖော်ပြသည်။ ထို့အပြင် အပြာရောင်သည် ငြိမ်းချမ်းရေး၏ အမှတ်လက္ခဏာ အရောင်ပင်ဖြစ်သည်။ နိုင်ငံအများအပြားတွင် အပြာရောင်ကို တမန်တော်များနှင့်၊ ဘာသာရေးနှင့် ဆက်နွှယ်သော သင်္ကေတများတွင် အသုံးပြုသည်။
          အပြာရောင်အနုအရင့်ကိုလိုက်၍ အဓိပ္ပါယ်အမျိုးမျိုး ကွဲပြားယူဆကြသည်။
တောက်ပသည့် အပြာရောင်သည် လန်းဆန်တတ်ကြွပြီး ခင်မင်နှစ်လိုဖွယ် အသွင်ဆောင်သည်။ အပြာရောင် အရင့်သည် သန်မာမှုနှင့် ယုံကြည်မှုကို ညွှန်းဆိုသည်။   အပြာရောင်ဖျော့ဖျော့သည် အပန်းပြေမှုနှင့် တည်ငြိမ်မှုကို ဖော်ပြသည်။ အပြာရောင်ရင့်ရင့်ကို သန်မာမှုနှင့် ယုံကြည်စိတ်ချရမှုကို ဖော်ပြလိုသည့် ဒီဇိုင်းများအတွက် အဓိကအရောင်အဖြစ် အသုံးပြုနိုင်သည်။

အနီရောင် = အချစ်/ အမုန်း/ ဒေါသ/ စွဲလန်းမက်မောခြင်း/ ပြင်းပြမှု/ အန္တရာယ်ရှိမှု
အဝါရောင် = လိမ်လည်မှု/ မျှော်လင့်ချက်/ ပျော်ရွှင်မှု
အပြာရောင် = တည်ငြိမ်လေးနက်မှု/ တာဝန်ယူမှု/ ဝမ်းနည်းမှု

မြလေးငုံ
Ref : တွဲဖက်ပါမောက္ခ (ပန်းချီ ဦးသစ်လွင်စိုး)
          KD web the professional choice

No comments:

Post a Comment